ဇူလိုင် ၂၅ရက်၊ ၁၇၄၁။
လူလေး
အတင်းကျပ်ဆုံးနဲ့ အဖြောင့်မှန်ဆုံးသော
သမာဓိနှင့် သီလတို့ ရှိမှသာလျှင်
လူ့အသိုင်းအဝိုင်းရဲ့ လေးစားတန်ဖိုးထားခြင်းခံရတယ်။
လုပ်ရည်ကိုင်ရည်နှင့် ကြံရည်ဖန်ရည်ရှိမှသာလျှင်
အသိုင်းအဝိုင်းရဲ့ ချစ်ခင်မြတ်နိုးမှုနဲ့
ကောင်းချီးသြဘာပေးခြင်းတို့ကို ခံရတယ်။ ဒါပေမဲ့ ကိုယ်ရေးကိုယ်တာ
ဘဝမှာတော့ အငယ်စားအရည်အချင်းကလေးတွေရှိဖို့
လိုကို လိုအပ်တယ်။
ဒီလိုရှိမှမင်းကို အများက
နှစ်သက်ကြလိမ့်မယ်၊ ချစ်ခင်ကြလိမ့်မယ်၊
ပေါင်းသင်းကြလိမ့်မယ်။ ဒီအကြောင်းကို ဖေ့ဖေ့
အရင်စာတွေထဲမှာ ရေးခဲ့ပြီးပြီ။ အဲဒီ
အငယ်စားအရည်အချင်းကလေးတွေထဲမှာ လိမ္မာယဉ်ကျေးမှုကတော့
အဓိကအကျဆုံးဖြစ်ပြီး အလိုအပ်ဆုံးလည်းဖြစ်တယ်။
ဒီအရည်အချင်းဟာ သူ့ပင်ကိုယ်အားဖြင့် အရေးကြီးရုံမျှသာ
မဟုတ်ဘူး။ စိတ်ဓာတ်နဲ့ နှလုံးသားကိုလည်း
အရောင်အဝါ ထွက်အောင် လုပ်ပေးတယ်။
လိမ္မာယဉ်ကျေးတဲ့ အကြောင်းကို အရင်တုန်းက
ဖေဖေရေးခဲ့ဖူးပြီ။ ဒါကြောင့်မို့ ဒီစာမှာတော့
လိမ္မာယဉ်ကျေးမှုဆိုတဲ့ အရည်အချင်းပြီးရင်
နောက်ထပ်လိုအပ်တဲ့ အရည်အချင်းတစ်ခုအကြောင်းကို ရေးလိုက်မယ်။
အဲဒီ အရည်အချင်းကတော့ ရည်မွန်ပျော့ပျောင်းတဲ့
အပြုအမူနဲ့ အနေအထိုင်ဖြစ်တယ်။ ကိုးရိုးကားရားဟန်တွေ၊
မကောင်းတဲ့အကျင့်တွေ၊ အချိုးမကျဖြစ်တာတွေ
လုံးဝမရှိတာမျိုးဖြစ်တယ်။ ဉာဏ်ပညာရှိပြီး
အထက်တန်းကျပါတယ်ဆိုတဲ့ လူတော်တော်များများရဲ့
အပြုအမူမှာတောင် ဒီချွတ်ယွင်းချက် တွေရှိနေတယ်။
ရည်မွန်တဲ့ အပြုအမူဟာ ဘာမှ အရေးမကြီးဘူးလို့
ထင်ရပေမယ့် ပေါင်းသင်းဆက်ဆံရေး၊ အထူးသဖြင့်
အမျိုးသမီးများနဲ့ ပေါင်းသင်း ဆက်ဆံရေးမှာ
တစ်ဖက်သားကို ကျေနပ်စေတဲ့အတွက် အလွန်အရေး ကြီးတယ်။
ရည်မွန်ခြင်းမရှိဘဲ အချိုးမကျ၊ ကိုးရိုးကားရားနိုင်လှတဲ့ အတွက် တွေ့တွေ့ချင်း အထင်သေးခံရ၊
မနှစ်သက်ခြင်းခံရတဲ့
လူတော်တော်များများကို
ဖေဖေတွေ့ဖူးတယ်။ သူ့မှာ ဘယ်လောက်ကောင်းတဲ့ တခြားအရည်အချင်းတွေရှိသည့်တိုင်
ဒီတစ်ချက်တည်းနဲ့ အထင်ကြီးခြင်းမခံရတော့ဘဲ
ဖြစ်သွားရတယ်။ ရည်မွန်တဲ့ အပြုအမူကြောင့် လူတွေ ကိုယ့်ဘက်
ပါလာကြာတယ်။ ကိုယ့်ဘက်ကို
တိမ်းညွှတ်လာကြာတယ်။ ကိုယ့်ကို ခင်မင်နှစ်သက်လာကြတယ်။
ကိုးရိုးကားရားနိုင်တယ်ဆိုတာ
အကြောင်းနှစ်ခုကနေ ပေါ်လာတာဖြစ်တယ်။ တစ်ခုကတော့ ကောင်းမွန်တဲ့
အပေါင်းအသင်းမျိုး မရှိခဲ့လို့ဖြစ်ပြီး
နောက်တစ်ခုကတော့ ကိုးရိုးကားရားမဖြစ်အောင် အာရုံမစိုက်လို့ဖြစ်တယ်။
ကောင်းမွန်တဲ့ အပေါင်းအသင်းရှိဖို့ကတော့
ဖေဖေက ဖန်တီးပေးရမှာပေါ့။ မင်းအနေနဲ့ သူတို့ရဲ့အနေအထိုင်၊
အပြောအဆိုတွေကို ဂရုစိုက်လေ့လာမှတ်သားပြီး
ကိုယ်ပိုင်ရည်မွန်မှုရှိလာအောင် လုပ်ယူရလိမ့်မယ်။
အာရုံစိုက်ဖို့ဆိုတာကတော့ အခြားသောကိစ္စများမှာလိုအပ်သလို
ဒီနေရာမှာလည်း အာရုံစိုက်ဖို့ အထူးလိုအပ်တယ်။
အာရုံစိုက်မှုမရှိတဲ့ လူတစ်ယောက်ဟာ ဒီကမ္ဘာလောကကြီးမှာ
အသက်ရှင်နေထိုင်ဖို့ မသင့်ဘူး။
ကိုးရိုးကားရားနိုင်တဲ့ လူတစ်ယောက်
အခန်းထဲကို ဝင်လာရင် လွယ်ထားတဲ့ ဓားရှည်က
ခြေထောက်ထဲ ရောက်သွားလို့ ခြေထောက်နဲ့
ဓားလွယ်တိုက်မိပြီးလဲကျမယ်။ ဒါမှမဟုတ်ရင်လည်း အနည်းဆုံး
ဒယီးဒယိုင်ဖြစ်သွားမယ်။ သတိရလို့ ကိုယ့်ကိုယ့်ပြန်ထိန်းလိုက်ပြီးတဲ့နောက်မှာလည်း
အခန်းထဲမှာ
ကျီးတိကြောင်တောင်နဲ့ ဟိုသွားဒီသွား
လျှောက်သွားပြီး မထိုင်ရမယ့်နေရာမှာ သွားထိုင်မယ်။
ထိုင်မယ်အလုပ်မှာ ခေါင်းက ဦးထုပ်က
ကျွတ်ကျမယ်။ ဦးထုပ်ငုံ့ကောက်နေတုန်းမှာ လက်ကကိုင်လာတဲ့
ကြိမ်တုတ်က လွတ်ကျသွားပြန်ရော။ ဒါနဲ့
ကြိမ်တုတ်ကို ပြန်ကောက်တော့ ခေါင်းမှာ ဆောင်းထားတဲ့ဦးထုပ်က
14
ဒုတိယအကြိမ် ကျွတ်ကျပြန်ရော။ ဒီလိုနဲ့
ဆယ့်ငါးမိနစ်လောက် ကုန်းလိုက်ကွလိုက်နဲ့
အလုပ်များနေပြီးမှပဲ နေသားတကျ ဖြစ်တော့တယ်။
ကော်ဖီတို့၊ လက်ဖက်ရည်တို့ သောက်ပြန်ရင်လည်း
အပူကြီးကို ကောက်သောက်လိုက်လို့ လျှာအပူလောင်ပြန်ရော။
လျှာအပူလောင်တော့ယောင်ပြီး
လက်ဖက်ရည်ပန်းကန်လုံးဖြစ်ဖြစ်၊ ပန်းကန်ပြားဖြစ်ဖြစ်
လွတ်ကျသွားတယ်။ ဒီတွင် လက်ဖက်ရည်တွေ၊
ကော်ဖီတွေ ဘောင်းဘီပေါ်မှာ ဖိတ်ကုန်တယ်။
အဲ.... ညစာစားပြီးဆိုရင်တော့ ပိုပြီးအလုပ် များလာတဲ့ အတွက်
သူ့အခြေအနေက ပိုလို့တောင် ဆိုးလာသေးတယ်။
ဓားတို့၊ ဇွန်းတို့၊ ခက်ရင်းတို့ ကိုင်တာကလည်း သူများနဲ့ မတူ
ကိုးရိုးကားယားလျှောက်ကိုင်။ ဓားနဲ့ကော်စားလို့
အာခေါင်ကို ထိုးမိ၊ ခက်ရင်းနဲ့ သွားကြားထိုး၊ ဇွန်းနဲ့စားတော့လည်း
ဇွန်းက ပါးစပ်ဆီမရောက်ဘဲ အကြိမ်နှစ်ဆယ်လောက်
လည်ပင်းဆီရောက်သွား၊ နောက်
ပန်းကန်ပြားထဲ ပြန်ထည့်တာ မျိုးတွေ
ဖြစ်တတ်တယ်။
အသားလှီးပြန်တော့လည်း အသားကို မလှီးမိဘဲ
အရိုးကြီး သွားလှီးမိလို့ ပန်းကန်ကြားထဲက ဆော့စ်တွေ
အနားကလူတွေကို လျှောက်စဉ်ကုန်တယ်။ လက်သုတ်ပဝါကို
ကြယ်သီးပေါက်ထဲ ထိုးထည့်ထားလို့
မေးအဖျားကိုလာ ကလိ။ မေးမှာ အဆီတွေ၊
ဟင်းချိုရည်တွေက ပေလို့။ ရေသောက်တော့လည်း
ဖန်ခွက်ထဲမှာ ချောင်းဆိုးလိုက်လို့
အနားက လူတွေကို ရေတွေစဉ်ကုန်ရော။ ပြီးတော့ သူ့မှာ ထူးဆန်းတဲ့
အမူအရာတွေ၊ အကျင့်တွေကလည်း ရှိသေးတယ်။
နှာခေါင်းကို ရှုံ့ ချီပွချီလုပ်တာ၊ မျက်နှာကို မဲ့တာရွဲ့ တာ၊
နှာခေါင်းကို လက်နဲ့နှိုက်တာ။ လက်ကိုင်ပဝါကို
နှပ်ညစ်ပြီး လက်ကိုင်ပဝါကို ဖြန့်ကြည့်တာ။ ဒီတော့
အနားမှာနေတဲ့လူ ဘယ်လောက် စိတ်ပျက်လိုက်မလဲ
စဉ်းစားသာ ကြည့်ပေတော့။ ဒီအထဲမှာ လက်ကလည်း
တမှောင့်။ လက်ထဲမှာ ကိုင်စရာမရှိရင်
လက်ကို ဘယ်ထားရမှန်း မသိဖြစ်နေပြီး ဟိုထားရမလိုလို
သည်ထားရမလိုလိုနဲ့။ တစ်ခါတလေ လက်က ဘောင်းဘီခွကြားကို
ရောက်သွားလိုရောက်၊ ရင်ဘတ်ဆီကို
တက်လာလိုလာနဲ့။ ပြီးတော့ အဝတ်အစားဝတ်တာကလည်း
မသပ်မရပ်။ ချုပ်ပြောရရင် သူက တခြားသူတွေနဲ့
နည်းနည်းလေးမှ မတူဘဲဖြစ်နေတယ်။ ဟုတ်ပါတယ်။
ဒီလိုနေတာဟာ ရာဇဝတ်မှုဖြစ်တယ်
လို့တော့ ဖေဖေမပြောလိုပါဘူး။ ဒါပေမဲ့
လူတောထဲမှာတော့ တော်တော်စိတ်ပျက်စရာ လည်းကောင်း၊
ရယ်စရာလည်းကောင်းတဲ့ အပြုအမူပဲ။ လူတွေရဲ့
ချစ်ခင်နှစ်လိုခြင်းကို ခံလိုသူများ အဖို့တော့ ဒီအရာတွေကို
သတိထားပြီးရှောင်သင့်တယ်။
လူလေး
မင်းမလုပ်သင့်တဲ့အရာတွေကို ဖတ်ကြည့်ခြင်းပြီးတဲ့နောက်
မင်းလုပ်သင့်တဲ့ အရာတွေကို
မင်းသိလောက်ရောပေါ့။ လောကကြီး အကြောင်းကို
ကောင်းကောင်းသိတဲ့ နေတတ်ထိုင်တတ်သူများရဲ့ အပြုအမူ၊
အနေအထိုင်တွေကို အသင့်အတင့် အာရုံစိုက်လိုက်ရင်မင်းလည်းအကျင့်ဖြစ်သွားပြီး
နေတတ်ထိုင်တတ် ဖြစ်သွား
မှာပါပဲ။ အလားတူပဲ ခွကျတဲ့ အနေအထိုင်တွေကို
ရှောင်သင့်သလို ခွကျတဲ့ အမူအရာတွေ၊
အပြောအဆိုတွေကိုလည်း သတိထားပြီး ရှောင်သင့်တယ်။ ဥပမာအားဖြင့် မှားတဲ့ အင်္ဂလိပ်စကားကို ပြောတာ၊
အသံထွက်မှားတာ၊ ဆိုရိုးစကားကို
ပြောတာ၊ ဆီသည်မ လက်သုတ်ဖတ်လို ဖြစ်နေတဲ့ စကားပုံတွေကို သုံးတာ
စသည်တို့ဟာ အောက်တန်းကျပြီး
ညံ့ဖျင်းတဲ့ အပေါင်းအသင်း၊ အသိုင်းအဝိုင်းက လာတယ်ဆိုတာ
သက်သေပြနေတဲ့ အထောက်အထားတွေပဲ။ ဥပမာ တစ်ယောက်နဲ့
တစ်ယောက်အကြိုက်ချင်း မတူကြဘူး။
လူတိုင်းမှာ အကြိုက်တစ်မျိုးစီ ရှိကြတာပဲလို့
ပြောမယ့်အစား မင်းက စကားပုံတစ်ခုသုံးပြီး ပြောတယ်ဆိုပါစို့။
အဲဒီလိုပြောတဲ့အခါမှာ တစ်ယောက်ရဲ့အသားဟာ
တစ်ယောက်အဖို့ အဆိပ်ဖြစ်တယ်ဆိုတာမျိုး၊ ကိုယ်ကြိုက်ရင်
ဘာဖြစ်သလဲ၊ ကိုယ့်နွားမကို ကိုယ်ငုံ့နမ်းတော့ကော
ဘာအရေးလဲလို့ ပြောတာမျိုးတွေ။ ဒီလိုစကားပုံတွေကို သုံးရင်
မင်းဟာ အိမ်စေသူငယ်တွေနဲ့ အိမ်စေမကလေးတွေလောက်ပဲ
အပေါင်းအသင်းရှိတဲ့လူမျိုးလို့
ထင်မှတ်မှားသွားနိုင်တယ်။အာရုံစိုက်လိုက်ရင်
ဒီအရာတွေဟာ ပျောက်သွားနိုင်တယ်။ အာရုံစိုက်မှုမရှိဘဲ
ဘာမျှမပြီးမြောက်နိုင်ဘူး။ အာရုံစိုက်မှုမရှိခြင်းဟာ
အတွေးအခေါ် မရှိခြင်းနဲ့ အတူတူပဲ။ အာရုံစိုက်မှု မရှိခြင်းဟာ
မိုက်မဲမှု၊ သို့မဟုတ် ရူးသွပ်မှုနဲ့
အတူတူပဲ။ မင်းဟာ အရာရာမှာ အာရုံစိုက်ရမယ်။ အာရုံစိုက်ရမယ်
ဆရာမှာလည်း မြန်မြန်အာရုံစိုက်တာမျိုး
ဖြစ်ရမယ်။ တစ်ခဏကလေး အတွင်းမှာ အခန်းထဲမှာရှိတဲ့
လူတွေအားလုံးကို သတိပြုမိပြီးသားဖြစ်ရမယ်။
သူတို့ရဲ့လှုပ်ရှားဟန်တွေ၊ သူတို့ရဲ့ အမူအရာတွေ၊ သူတို့ရဲ့
စကားလုံးတွေကို သတိပြုမိပြီးသား ဖြစ်ရမယ်။
ဒါပေမယ့် ဒီလိုသတိပြုတဲ့နေရာမှာ သူတို့ကို စိုက်ကြည့်တာမျိုး၊
သူတို့ကို အကဲခတ်တာမျိုး မဖြစ်စေရဘူး။
ဒီလိုလျင်မြန်စွာ လူသူသတိမပြုမိဘဲ သတိပြုတတ်ခြင်းဟာ လူ့ဘဝမှာ
အလွန်အကျိုးရှိတယ်။
ဒီလိုသတိပြုတတ်အောင် ဂရုစိုက် ကျင့်ယူရမယ်။
ဒီလိုမဟုတ်ဘဲ နမော်နမဲ့ဖြစ်တာ၊
ယောင်တီးယောင်နဖြစ်တာ၊ အာရုံစိုက်မှုမရှိတာမျိုးဟာ
လူတစ်ယောက်ကို အရူးတစ်ယောက်၊ အန္ဓတစ်ယောက်နဲ့
အလားသဏ္ဌာန်တူစေတယ်။ ဖေဖေရဲ့အမြင်
ပြောရရင်တော့ လူရူးနဲ့ လူအန္ဓဟာ အတူတူပဲ။ ဘာမှ
ကွဲပြားခြားနားခြင်းမရှိဘူး။
လူအန္ဓတစ်ယောက်ဟာ ဘယ်တော့မှ အတွေးအခေါ်မရှိသူဖြစ်ပြီး
လူရူးတစ်ယောက်ကတော့ အတွေးအခေါ်
ပျောက်ဆုံးသွားသူဖြစ်တယ်။ သတိမရှိတဲ့လူ၊ နမော်နမဲ့
နိုင်တဲ့လူဟာလည်း အဲဒီအခိုက်အတန့်မှာတော့
အတွေးအခေါ်မရှိတဲ့လူသာဖြစ်တယ်။
အာဒီးယူး။
နောက်စာရေးရင် ပါရီလိပ်စာနဲ့ရေးပါ။
ဖေဖေပြန်လာရင် မျှော်လင့်ထားတဲ့ တိုးတက်မှုမျိုးကို တွေ့ရအောင် ကြိုးစားပါ။
လူလေး
မင်းစာတော်တဲ့အကြောင်း၊ လိမ္မာရေးခြားရှိတဲ့အကြောင်းကို
လော့ဒ်သြရဲရီကြားရလို့နောက်တနင်္ဂနွေနေ့မှာ
သူတို့အိမ်ကိုညစာစားဖိတ်ချင်တယ်လို့
ဖေဖေ့ကိုပြောနေတယ်။ ညစာစားပွဲကို လာမယ်လို့လည်းဖေဖေက
ပြောလိုက်တယ်။ ခုလောက်ဆိုရင် တော့သူ့ဖိတ်ကြားချက်ကိုမင်းရလောက်ပြီပေါ့။
တကယ်လို့မရသေးဖူးဆိုရင်တော့
မနက်ဖြန်နှစ်နာရီနဲ့ သုံးနာရီကြားမှာ
မင်းကိုယ်တိုင် သူတို့အိမ်ကိုသွားပြီး လော့ဘွိုင်း (လော့ဘွိုင်းဆိုတာ
သူ့သားရဲ့အမည်) က ဖိတ်တဲ့အတွက်လာရတဲ့အကြောင်းပြောပြပါ။
ဖေဖေကတော့ မနက်ဖြန်မှာ
ညစာစားပွဲကိုလိုက်မှာ မဟုတ်တဲ့အတွက်နောက်တစ်နေ့
မနက်စာစားမှ အကျိုးအကြောင်း မေးရတော့မှာပဲ။
မနက်စာ လာစားတဲ့အခါကျတော့ မင်းကြိုက်တတ်တဲ့
ချောကလက်ကောင်းကောင်းကိုကျွေးရမှာပေါ့။
လောကကြီးမှာ လူရာဝင်ချင်ရင် လိမ္မာရေးခြားရှိဖို့
ဘယ်လောက်လိုတယ်
ဆိုတာ ဖေဖေအထူးပြောစရာမလိုဘူး။ အထူးသဖြင့်
မင်းတို့အရွယ်၊ မင်းတို့အတွေ့အကြုံ၊
မင်းတို့လို လောကအကြောင်းသိတန်သလောက်
သိတဲ့လူငယ်တွေကို သာပြီးတောင်ပြောစရာမလိုသေးတယ်။
ဒါပေမယ့် ဂရိစာသင်ရ၊ ကရစ်ကတ်ဘောလုံးရိုက်သင်ရ၊
လက်တင်စာသင်ရဆိုတော့
မင်းအလုပ်တွေအများမဟုတ်လား။ ဒီတော့
လိမ္မာရေးခြားရှိဖို့ ကိစ္စကိုအာရုံစိုက်ချင်မှ စိုက်နိုင်လိမ့်မယ်။ ဒါကြောင့်
ဒီအချက်ကို အလေးဂရုပြုပြီး လော့ဒ်သြရဲရီ
ရဲ့ ညစာစားပွဲမှာလိမ္မာယဉ်ကျေးစွာပြုမူဆက်ဆံဖို့ ဖေဖေ
ရေးလိုက်ရခြင်းဖြစ်တယ်။ လူအချင်းချင်း
တွေ့လျှင်တွေ့ချင်း ကိုယ့်ဘက်ကို တိမ်းညွတ်လာစေချင်တယ်ဆိုရင်
လိမ္မာရေးခြားရှိမှ ဖြစ်မယ်။ လိမ္မာရေးခြား
ရှိခြင်းသာလျှင်လူတစ်ယောက်ကိုတွေ့လျှင် တွေ့ချင်း ကိုယ့်ဘက်ကို
တိမ်းညွတ်လာအောင်လုပ်ပေးနိုင်တယ်။ ကိုယ့်မှာရှိတဲ့ကောင်းမွန်တဲ့
အရည်အချင်းတွေကိုတော့
အချိန်အတန်ကြာမှ တွေ့နိုင်တယ်မဟုတ်လား။
လိမ္မာရေးခြားရှိခြင်းဆိုတာ ခါးကိုင်းပြီး
နှုတ်ဆက်ရုံထုံးတမ်းစဉ်လာ လောကဝတ်ကို
ပြုရုံတင်မကဘူး။ အလွယ်တကူ သက်သက်သာသာ
ယဉ်ယဉ်ကျေးကျေး၊ လေးလေးစားစားပြုမူနေထိုင်ပြတာလည်းပါတယ်။
ဒါကြောင့်မို့ ကိုယ့်ကို
လာစကားပြောတယ်ဆိုရင် တစ်ဖက်သားကို အလေးဂရုပြုဖို့လိုတယ်။
နေရာယူရင်လည်း စားပွဲထိပ်မှာမထိုင်ဘဲ
စားပွဲအောက်ဖက်မှာ ထိုင်ဖို့လိုတယ်။
ကိုယ့်ကို စားပွဲထိပ်မှာအထိုင်ခိုင်းမှသာလျှင် ထိုင်သင့်တယ်။
ဆုတောင်းသောက်ရင်လည်း အိမ်ရှင်အမျိုးသမီးအတွက်
အရင်ဆုတောင်းပြီး အိမ်ရှင်အမျိုးသားအတွက် နောက်မှ
ဆုတောင်းသောက်သင့်တယ်။ စားသောက်ရာမှာလည်း
ကို့ရိုကားယားညစ်တီးညစ်ပတ် စားသောက်မိခြင်း မရှိဖို့
သတိထားရမယ်။ အခြားသူများက မတ်တပ်ရပ်နေတုန်းမှာ
ကိုယ်က ငူငူကြီး ထိုင်မနေဖို့ သတိပြုရမယ်။
ဒီအရာအားလုံးကို လုပ်တဲ့နေရာမှာ မလုပ်ချင်သလို
ဆောင့်ကြီး အောင့်ကြီးနဲ့ မလုပ်ရဘူး။ လိုလိုချင်ချင် လုပ်ရမယ်။
လူညံ့တွေ လူဖျင်းတွေ ယဉ်ကျေးတဲ့ အမူအရာပြတဲ့အခါမှာ
လုပ်လေ့ရှိသလို အနှစ်မပါတဲ့ မပြုံးချင် ပြုံးချင်
အပြုံးမျိုးကို ပြုံးပြရမယ်လို့ ဆိုလိုတာမဟုတ်ဘူး။
ကြည်လင်ရွင်လန်းတဲ့ အမူအရာမျိုးနဲ့ လုပ်ရမယ်။
လိမ္မာရေးခြားရှိအောင်လုပ်ရတာလောက်ဘယ်အရာမှ
ခက်ခဲခြင်းမရှိဘူး။ လိမ္မာရေးခြား ရှိခြင်းလောက် လိုအပ်တဲ့
အရာလည်း တစ်ခုမှမရှိဘူးလို့ ဖေဖေထင်တယ်။
လိမ္မာရေးခြားရှိတဲ့ အမူအရာဟာ ထုံးတမ်းစဉ်လာအရ မလုပ်ချင်
လုပ်ချင်လုပ်တာမျိုးနဲ့ လည်းမတူဘူး။
လောကဝတ်အရ လုပ်ရတာမျိုးနဲ့လည်း မတူဘူး။
ဂရုစိုက်စရာမလိုဘူးဆိုတဲ့ ဆောင့်ကြွားကြွားအမူအရာမျိုးနဲ့လည်းမတူဘူး။
လူတွေ့ရင်စကားမပြောရဲသလို
ဘာလိုရှက်ကိုးရှက်ကန်းဖြစ်နေတာမျိုးနဲ့လည်း
မတူဘူး။
ထုံးတမ်းစဉ်လာ လောကဝတ်ဟာ နည်းနည်းပါးပါး
လိုအပ်တာတော့မှန်ပါတယ်။ လူတွေနဲ့ဆက်ဆံရာမှာ
သတ်မှတ်ထားတဲ့ လောကဝတ်တွေကိုလည်း လိုက်တော့လိုက်နာရမှာပေါ့။
ဒါပေမယ့် ပြောစရာရှိတာ၊
ဆိုစရာရှိတာကိုလည်း ရှင်းရှင်းလင်းလင်း
ပြတ်ပြတ်သားသားပြောရဲရမယ်။ ကိုယ်နှုတ်အမူအရာအားဖြင့်
နှိမ့်ချမှုလည်းရှိရမယ်။ ဒီအရာတွေကိုဘယ်နေရာမှာ
ဘယ်လောက်အတိုင်းအတာထိ ကျင့်သုံးရမယ်
ဆိုတာကတော့ လောကကြီးအကြောင်းကို သိပြီး
အတွေ့အကြုံတွေ ရလာမှမင်းဆုံးဖြတ်နိုင်လိမ့်မယ်။
မနေ့က မစ္စတာ ဖစ်ဂျရယ် ဖေဖေ့ဆီကိုအလည်ရောက်လာတယ်။
သူကတော့ မင်းကို
အားကြီးချီးမွမ်းတာပဲ။ ဒီတော့ သူတစ်ပါး ချီးမွမ်းခံရအောင်နေပါ။
ချီးမွမ်းခံရအောင်နေရင် ချီးမွမ်းခံရမှာပဲ။ အာဒီးယူ။
(ဆရာ မြသန်းတင့် ၏ လူလေးသို့ပေးစာများ စာအုပ်မှ ပြန်လည် ကူယူထားခြင်းဖြစ်ပါသည်)