လန်ဒန် ဇူလိုင် ၂၄ရက်၊ ၁၇၃၉ ခုနှစ်။
လူလေး
နောက်ဆုံးအကြိမ် ဖေဖေနဲ့တွေ့တုန်းက
သားဆီကို ဘာဖြစ်လို့ စာတွေ ဆက်မရေးတော့တာလဲလို့
မင်းကမေးတော့ ဖေဖေတော်တော် ဝမ်းသာသွားတယ်။
ဒါကိုကြည့်ရင် ဖေဖေရေးတဲ့စာတွေကို မင်းသဘောကျ
အလေးထားတယ်လို့ ဖေဖေယူဆတယ်။ ဒီလိုဆိုရင်တော့
စာတွေ မကြာမကြာရေးရဦးမှာပေါ့။
ဂရုစိုက်ပြီးဖတ်ရင် ဖေဖေရဲ့စာတွေဟာ
မင်းအတွက် အသုံးကျလိမ့်မယ်လို့ ဖေဖေထင်တယ်။ ဘယ်စာပဲဖတ်ဖတ်၊
စာဖတ်တယ်ဆိုတာ အလေးထားပြီး မှတ်မှတ်သားသားဖတ်မှ
အကျိုးရှိတာ။ ဒီလိုမှ မဟုတ်ရင် အချည်းနှီးပဲ။
လက်က တစ်ခုကို လုပ်နေပြီး စိတ်က တစ်ခြားကို
တွေးနေတာမျိုးဟာ သေးနုတ်သိမ်ဖျင်းတဲ့ စိတ်ဓာတ်ရဲ့
အမှတ်လက္ခဏာ ဖြစ်တယ်။ ဘယ်အလုပ်ကိုပဲလုပ်လုပ်
ကိုယ်လုပ်နေတဲ့ အလုပ်ထဲ့ကို စိတ်ရောက်နေရမယ်။ စာကို
သင်အံလေ့ကျင့်တုန်းမှာ ကစားတဲ့ဆီကို
စိတ်ရောက်မနေသင့်ဘူး။ ကစားနေတုန်းမှာ စာထဲကို စိတ်ရောက်
မနေသင့်ဘူး။ ဒီလိုမဟုတ်ဘဲ စာအုပ်ကို
ရှေ့ဖြန့်ချပြီး တစ်ခြားကို စိတ်ရောက်နေရင် ကိုယ့်အဖို့ နှစ်ခါ ဒုက္ခရှာတာနဲ့
အတူတူပဲ။ ဘာဖြစ်လို့လဲဆိုတော့ နောက်တစ်ခါ
ပြန်ဖတ်ရတော့မှာကိုး။
ယဉ်ကျေးဖွယ်ရာမှုဟာ လူ့ဘဝမှာ အရေးကြီးတဲ့
အချက်တစ်ချက်ဖြစ်တယ်။ ယဉ်ကျေးဖွယ်ရာမှုဆိုတာ
သင့်တင့်လျောက်ပတ်တဲ့ အရာကို သင့်တင့်လျောက်ပတ်တဲ့
နေရာမှာ လုပ်တတ်တာကို ခေါ်တာ။ တချို့ကိစ္စများဟာ
အချိန်တစ်ချိန်၊ နေရာ တစ်နေရာမှာ သင့်လျော်ပေမယ့်
တစ်ခြားအချိန်၊ တစ်ခြားနေရာမှာ
မသင့်လျော်ဘဲ ဖြစ်နေတတ်တယ်။ ဥပမာအားဖြင့်
နေ့ခင်း အားလပ်တဲ့ အချိန်မှာ ကစားတာဟာ သင့်လျော်တယ်။
ဖွယ်ရာတယ်။ ဒါပေမယ့် ဆရာက စာသင်နေချိန်မှာ
ထပြီးစွန်လွှတ်တယ်၊ ဇယ်တောက်တယ်ဆိုရင်
မသင့်လျော်ဘူးပေါ့။ မဖွယ်ရာဘူးပေါ့။
ဒါကို နားလည်ရမယ်။ ကောင်းကောင်းမွန်မွန်၊ အချိုးကျကျ ကတတ်တာဟာ
သင့်လျော်တယ်။ ဖွယ်ရာတယ်။ ဒါပေမဲ့ ကပွဲခန်းမတွေ၊
ပျော်ပွဲရွှင်ပွဲတွေမှာသာလျှင် ကရလိမ့်မယ်။ ဒီလိုမှမဟုတ်ဘဲ
သီတင်းသီလ ဆောက်တည်ရာ ဘုရားရှိခိုးကျောင်းမှာ
အသုဘမှာ သွားကတယ်ဆိုရင်တော့ မင်းကို အရူးလို့ပဲ
ကဲ့ရဲ့ကြမှာပဲ။ ဒီဥပမာကိုကြည့်ရင် ယဉ်ကျေးဖွယ်ရာခြင်းဆိုတဲ့
စကားကို မင်းသဘောပေါက်လောက်ရောပေါ့။
လူအများရဲ့ ချီးမွမ်းခြင်းကို ခံလိုရင်
မင်းမှာ ယဉ်ကျေးဖွယ်ရာမှု ရှိရလိမ့်မယ်။ မင်းဟာ မင်းဆရာ မစ္စတာမိတ်တဲယားရဲ့
ချီးမွမ်းတာကိုတော့ ခံချင်မှာပဲ။ သူ့ချီးမွမ်းတာကို
မခံရရင် ဖေ့ဖေ့ချီးမွမ်းတာကိုလည်း ခံရမှာ မဟုတ်ဘူး။
ဆရာပြောတာကို အလေးထားပြီး နားထောင်လိမ့်မယ်၊
သူနဲ့နေတုန်းမှာ တည်ကြည်လေးနက်ပြီး ယဉ်ကျေးဖွယ်ရာမှု
ရှိလိမ့်မယ်လို့လည်း ဖေဖေမျှော်လင့်တယ်။ ပြီးရင်တော့ မင်းကြိုက်သလောက်
ကစားပါ။ ပြေးပါ။ ခုန်ပါ။
(ဆရာမြသန်းတင့် ၏ လူလေးသို့ပေးစာများ စာအုပ်မှ ပြန်လည်ကူးယူထားခြင်းဖြစ်ပါသည်။)
No comments:
Post a Comment