Pages

သီတဂူဆရာတော်(မဂ္ဂင်ရှစ်ပါး၁-၂)

Tuesday 7 January 2014

ဥပါသကာဂုဏ် (၁၀) ပါး

ဥပါသကာဂုဏ် (၁၀) ပါး



ဥပါသကာ

    ဘုရား၊တရား၊သံဃာ ရတနာသုံးပါးကို မြတ်နိုးစွာ ဆည်းကပ်ကိုးကွယ်သော လူပုဂ္ဂိုလ်ကို (ဥပါသကာ)ဟုခေါ်၏၊ အမျိုးသမီးဖြစ်လျှင် (ဥပါသိကာ)ဟုခေါ်၏ ။
     လူပုဂ္ဂိုလ်တို့သည် မိမိ၏ ခန္ဒာကိုယ်နှင့် အသက်ကို မငဲ့ကွက်ဘဲ ရတနာမြတ် သုံးပါးအားပေး လှူခြင်း၊ရတနာမြတ်သုံးပါး အပေါ်တွင် ယုံကြည်ကိုးစားအားထားခြင်း ၊ ရတနာမြတ် သုံးပါး၏ တပည့်သားအဖြစ်စွဲမှတ်ခံယူခြင်း ၊ရတနာမြတ်သုံးပါးကိုသာလျှင် ရှိခိုးမှု ၊ ရိုသေကိုင်းရှိုင်းမှု ပြုခြင်းစသောနည်းလမ်း တို့ဖြင့်  ရတနာမြတ် သုံးပါးကို ကိုးကွယ် ဆည်းကပ် တတ်သောပုဂ္ဂိုလ်(ဥပါသကာ၊ဥပါသိကာမ)အဖြစ်သို့ရောက်ရှိကြသည်။ ထိုသို့ ဥပါသကာ  ဖြစ် 
ပြီး သူများကို ဗုဒ္ဓဘာသာဝင် သူတော်စင် ဟုသတ်မှတ်ရသည်။ 



ဥပါသကာ တို့ရှောင်ရန်အချက်များ

     ဥပါသကာ အဖြစ်သို့ ခံယူပြီးသော ဗုဒ္ဓဘာသာဝင် ကောင်းတစ်ယောက်သည် ငါးပါးသီလ
ကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲ၍စွမ်းနိုင်ပါမူ ရှစ်ပါး၊ဆယ်ပါးသီလများကို စောင့်ထိန်း၍ ဖေါ်ပြပါအချက်
များကို ရှောင်ကြဉ် ရမည် --
     (၁) လက်နက်ရောင်းဝယ် ဖောက်ကားခြင်း ။
     (၂) လူအရောင်းအဝယ်ပြုလုပ်ခြင်း (ကျွန်ရောင်းဝယ်ခြင်း၊ပြည့်တန်ဆာ ရောင်းဝယ်ခြင်း
            စသည်။
     (၃) ကြက်၊ဝက်၊အမဲသား၊ငါး ရောင်းဝယ်ခြင်း ။
     (၄) မူးရစ်ဆေးဝါးအမျိုးမျိုးနှင့် သေရည်သေရက်ရောင်းဝယ်ခြင်း ။
     (၅) လူကိုသေစေသည့်အဆိပ်ရောင်းဝယ်ခြင်း ။
တို့ဖြစ်ပါသည် ။
     ထို့အပြင် ကာယ ဒုစရိုက်မှု ၊ဝစီဒုစရိုက်မှု၊ တို့ကို ကျူးလွန်၍ ရရှိသော ဥစ္စာပစ္စည်းတို့ဖြင့်
လည်း အသက်မွေးဝမ်းကျောင်းမပြု ရပေ ။ယင်းတို့အားလုံးတို့သည် မိစ္ဆာဇီဝခေါ် ယုတ်မာ 
အောက်တန်းကျသော အသက်မွေးဝမ်းကျောင်းများဖြစ်ကြသည် ။

ဥပါသကာ အရည်အချင်းနှင့်ပြည့်စုံခြင်း 
      
     ဥပါသကာ အဖြစ်သို့ရောက်ရှိပြီးသော ဗုဒ္ဓဘာသာဝင်တစ်ယောက်သည် -
     (၁)  သဒ္ဒါတရားနှင့်ပြည့်စုံရ၏ ၊
     (၂)  အနည်းဆုံး ငါးပါးသီလနှင့် လုံခြုံရ၏ ၊
     (၃)  ကောတုဟလမင်္ဂလာခေါ် အထူးအဆန်းမင်္ဂလာကို ယုံကြည်လက်ခံခြင်းမပြုရ ၊
     (၄)  ကံ , ကံ  ၏ အကျိုးကိုယုံကြည်ရ၏ ၊
     (၅)  အယူပျက်သည့် သာသနာပ အလှူခံပုဂ္ဂိုလ်တို့ ကို အရိုအသေမပြုရ၊မလှူဒါန်း
            ရပေ။
အဆိုပါအင်္ဂါရပ် တို့နှင့်ပြည့် စုံသော ပုဂ္ဂိုလ်ကို --
     (၁)  ဥပါသက ရတနာ =နှစ်သက်ကြည်ညိုဖွယ် ဥပါသကာ ဟူ၍ လည်းကောင်း ၊
     (၂)  ဥပါသကပဒုမ   = ပဒုံမ္မာကြာနှင့် တူသော ဥပါသကာ ဟူ၍ လည်းကောင်း ၊
     (၃)  ဥပါသကပုဏ္ဍရီက = ကြာဖြူနှင့်တူသော ဥပါသကာ ဟူ၍ လည်းကောင်း -
ခေါ်ဆိုထိုက်ပါသည် ။

ဥပါသကာပျက်စီးခြင်း
     ဥပါသကာ ဖြစ်ပြီးသူသည် ---
     (၁)  သဒ္ဒါမရှိခြင်း ၊
     (၂)  သီလမရှိ ခြင်း ၊
     (၃)  အထူး အဆန်းမင်္ဂလာကို သက်ဝင်ယုံကြည်ခြင်း ၊
     (၄)  ကံ ,ကံ၏ အကျိုးကို မယုံကြည်ခြင်း ၊
     (၅)  အယူပျက်သော သာသနာပ တိတ္ထိ တို့ကိုရှစ်ခိုးခြင်း ၊ အရိုအသေပြုခြင်း ၊
            လှူဒါန်းခြင်း --

စသည့်အချက်တို့ကို ပြုလုပ်ပါက ရတနာသုံးပါးအပေါ် ကိုးကွယ်ဆည်းကပ်သော ဥပါသကာ 
အဖြစ် ပျက်ပြယ်သွားပါသည် ။ထိုပကြောင့်ဖေါ်ပြပါ သွေဖည်ချက်(၅)ချက်နှင့် ပြည့်စုံသော
ပုဂ္ဂိုလ်ကို -
     (၁)  ဥပါသက စဏ္ဍာလ  = ဒွန်းစဏ္ဍား ဥပါသကာဟူ၍ လည်းကောင်း ၊
     (၂)  ဥပါသက မလ = မသန့်ရှင်းသော ဥပါသကာ ဟူ၍ လည်းကောင်း၊
     (၃)   ဥပါသက ပဋိကိဌ = စက်ဆုပ် ရွံရှာ ဖွယ် ဥပါသကာ ဟူ၍ လည်းကောင်း -
ခေါ်ဆိုတော့၏ ။

ဥပါသကာ၏ ဂုဏ်ရည်(၁၀) ပါး
     ရတနာသုံးပါးကို ဆည်းကပ် ကိုးကွယ်သော ပုဂ္ဂိုလ်တစ်ယောက်သည် ဖေါ်ပြလတ္တံ့ပါ 
ဂုဏ်အင်္ဂါများနှင့် ပြည့်စုံပါက အဆင့်မြင့် ဥပါသကာ ဂုဏ်သရေရှိသော ဥပါသကာ စစ်စစ်
ဖြစ်ပါသည်  ----
     (၁) ဘုရားရှင်၏ တပည့်သား သံဃာများနှင့်  အေးအတူပူအမျှ ဆင်းရဲချမ်းသာကိုဝေ
             မျှခံစားခြင်း။
     (၂)  ဗုဒ္ဓတရားတော်ကိုသာ အလေးဂရုပြုခြင်း (အခြားသာသနာပ အယူဝါဒများကို 
            လုံးဝ ဂရုမပြုခြင်း ။
     (၃)  မိမိရှိသမျှ ပစ္စည်းဥစ္စာကို မျှတစွာခွဲခြမ်း သုံးစွဲ လှူဒါန်းတတ်ခြင်း ၊
     (၄)  ဘုရားသာသနာ ပျက်စီးမည့်အရေးတွေ့မြင်ပါက သာသနာတော်၏ ကြီးပွားရာ
            ကြီးပွားကြောင်း ကိုသာ မနေ မနား ကျိုးစားအားထုတ်ခြင်း ၊
     (၅)  အယူဖြောင့်မှန်ပြီး လူပြိန်းတို့ လက်ခံသည့် အထူးအဆန်း မင်္ဂလာကို ယုံကြည်မှု 
            မရှိသည့်အပြင် မိမိအသက်ကို ပဓာနမထားဘဲ မိမိကိုးကွယ်ရာဆရာ(ဘုရား) မှ
            အခြားအယူပျက်သော တိတ္ထိဆရာများကို မိမိ၏ဆရာအဖြစ် မည်သည့်အခါမျှမရည်
             ညွန်းခြင်း
     (၆)  ကာယကံ၊ဝစီကံကိုစောင့်ထိန်းခြင်း ။
     (၇)  အတူနေပုဂ္ဂိုလ်များနှင့် သင့်တင့်ညီညွတ်စွာနေထိုင်တတ်၍ အချင်းချင်း အပေါ် ငြူစူ  
           ကင်းပြီး  သာသနာတော်ကိုခုတုံးလုပ်၍ ဟန်ဆောင်ပါးလွှား ဝါကြွားမှုမပြုခြင်း၊
     (၈)  ဘုရားရတနာကို ကိုးကွယ်ဆည်းကပ်ခြင်း ၊
     (၉)  တရားရတနာကို ကိုးကွယ်ဆည်းကပ်ခြင်း ၊
     (၁၀)  သံဃာ ရတနာကို ကိုးကွယ်ဆည်းကပ်ခြင်းတို့ဖြစ်ပါသည် ။

                        (ဗုဒ္ဓဘာသာကောင်း တစ်ယောက်စာအုပ်မှကူးယူဖေါ်ပြခြင်းဖြစ်ပါသည်)



          



No comments: