Pages

သီတဂူဆရာတော်(မဂ္ဂင်ရှစ်ပါး၁-၂)

Tuesday 11 February 2014

စာဖတ်ခြင်းဖြင့်ဘဝတိုးတက်မှုရရှိလိုလျှင်



စာဖတ်ခြင်းဖြင့်ဘဝတိုးတက်မှုရရှိလိုလျှင်


“ဘာတွေဖတ်သလဲ’’
စာဖတ်သူငယ်ချင်းတွေ့လျှင်အဲဒီလိုမေးလေ့ရှိသည်။
‘ဘယ်လိုဖတ်သလဲ’ ဟူ၍ကားမေးခဲလှသည်။
သို့သော် စာဖတ်သူငယ်ချင်း တူတူ ဘယ်သူကပို၍ စာအုပ်စာပေ၏အကျိုးကျေးဇူးကို ခံစားသွား ရသလဲဟူ သော အချက်ကား မေးခဲလှသောထို ဒုတိယမေးခွန်းပေါ်တွင်မူတည်  သည်။
စာအုပ်တစ်အုပ်မှ လူတစ်ယောက် ဘာရသလဲဟူသည် ထိုစာအုပ်ကိုလည်းကောင်းလူဘယ်လို ဖတ်သလဲ ဟူသော အချက်ပေါ်တွင်မူတည်သည်။
မြန်မာစာပေထဲက ကောင်းပေ့ ညွန့်ပေ့  ဆိုတာမျိုးဖြစ်စေ ၊ ကမ္ဘာ့စာပေ အဆီအနှစ်ဆိုတာမျိုး ကိုပဲဖြစ်စေ ကောက်လှန်ကြည့်လိုက်သည့်အခါ ကိုယ်တကယ်စိတ်မဝင်စားသော်လည်း အခြာစာအုပ်သမား များနှင့်တွေ့လျှင် အဲဒီစာအုပ်ကြီးဖတ်ပြီးပြီလားပြောနိုင်အောင် ဟူ၍ အခြောက်တိုက်အချိန်ကုန်ခံ ဖတ်ရှုသူ များမှာ ထိုစာအုပ်ထဲမှဘာအနှစ်သာရ တစ်ခုမျှရလိုက်မည်မဟုတ်ပေ။
သို့သော်လူတော်တော်များများမှာ ထိုသို့အချိန်ကုန်ခံရကျိုးမနပ်သော သဘောကိုမသိ မိမိတို့ အတွက် အကျိုးကျေးဇူး မရှိသည့်အဖြစ်ကိုလည်းမရိပ်မိဘဲ စာဘယ်နှစ် အုပ် ဖတ်ပြီးပြီ ဟူ၍ ဝင့်ကြွားဂုဏ်ယူနိုင်ရန်သာ လုံးပန်းနေကြပေသည်။
ဖတ်သည့်စာအုပ်အရေအတွက် ကိုသာစာရင်းတင်နိုင်ရန် ကြိုးပန်းနေကြသူများမှာ သူတို့အလေးထား သည့် အရေအတွက်ကိစ္စဘက်တွင် စံချိန်တင်ချင် တင်နိုင်ကြပေ မည်ဖြစ်သော်လည်း စာအုပ်မှဘာအသိပညာ ဗဟုသုတ ရသလဲစစ်ကြောကြည့်လျှင့်မူ ဘာမှ ရေရေရာရာ မရှိလှသည်ကိုတွေ့ရမည်ဖြစ်သည်။
စာအုပ်မှာပါလာသည့် ဗဟုသုတ အချက်အလက်များကို သူတို့ မသိရှိ၊မမှတ်မိကြ။ စာအုပ်ကတင်ပြ သည့် စဉ်းစားဆင်ခြင်စရာအချက်အလက်များကိုသူတို့မမြင်ကြ။မစဉ်းစား မဆင်ခြင်မိကြ။ ထို့ကြောင့်စာအုပ် ကပေးသည့်သင်ခန်းစာ၊စာအုပ်တွင်ပါသည့်လောကအမြင် ဟူသည် တို့ကိုလည်းသူတို့မသိရှိကြ ၊တနည်းပြော ရလျှင် စာဖတ်ခြင်းကြောင့် သူတို့ဘဝတွင်ဘာတခုမှ တိုးမလာပေ။
အလုပ်တစ်ခုကိုပေါ့ပေါ့တန်တန်လုပ်သည့်အကျင့်
စာဖတ်သည့်အလုပ်ကိုခတ်ပေါ့ပေါ့လုပ်သူသည် အခြားကိစ္စများတွင်လည်း တို့ကနန်း ဆိတ်ကနန်း စမ်ကြည့်လိုက် ချထားလိုက်လုပ်တတ်၏ လုပ်ဖူးသည်ဆိုရုံမြည်းစမ်းကာ တကယ်စိတ်အားလူအား စိုက်ထုတ် ရမည့်အချိန်တွင် အသာရှောင်ထွက်သွား တတ်သည့် ပေါ့တန်လျော့ရဲသော စိတ်ဓာတ်ပိုင်ရှင်မျိုးဖြစ်လာတတ်၏
စာကို အလေးအနက် တန်ဖိုးထား ဖတ်ရှုနေကြသူတွေ၊ စာအုပ်စာပေမှအကျိုးကျေးဇူး ခံစားရယူမည်ဟူ သောရည်ရွယ်ချက်ဖြင့် ကြိုးစားနေကြသူတွေလည်းရှိပါသည်။
သူဖတ်သောစာအုပ်ကိုလည်းအကဲခတ်ကြည့်ပါ။
ခပ်လွယ်လွယ် ခပ်ပေါ့ပေါ့ ဝတ္ထုတွေကို အသည်းအသန် အရေးတကြီး လုဖတ်နေသည်။သို့သော်သူများ ထက်ဦးအောင်မဖတ်ရမှာဆိုးသဖြင့်သာအသည်း အသန်ဖြစ်နေရသည်။ စာအုပ်လက်ထဲရောက်လာတော့ လေးလေးစားစား ဖတ်သလားကြည့်ပါ။မဖတ်။ရှပ်ရှပ် ရှပ်ရှပ် နှင့် သုံးနာရီမပြည့်မီ စာမျက်နှာစာသုံးရာကျော်ရှိ သည့်စာအုပ်တစ်အုပ်သူပြီးသွားလိမ့်မည့်။
သူ့မှာ ဘာရည်ရွယ်ချက်မှမရှိသလို ဘာအလားအလာမှလည်းမရှိပါ ။စာဖတ်စ လူငယ်တွေသာမဟုတ် စာဖတ်သက်လေးငါးနှစ် သို့မဟုတ်သည့်ထက်မကရှိနေသူ အတော်များများပင် သည်ပုံစံအတိုင်းဖတ်နေကြသည်။ ဤသည်မှာစာဖတ်ခြင်းမဟုတ် မူးယစ်ထုံထိုင်းဆေး တစ်မျိုး စွဲနေသည့်သဘောပင်ဖြစ်နေသည်။
စာဖတ်စအရွယ်တွင်ဘာဖြစ်ဖြစ်ဖတ်ပါစေ၊မစိုးရိမ်ပါနဲ့အချိန်တန်လျှင် စာဖတ်သက်ရင့်လာလျှင် အဆင့် တက်လာလိမ့်မည်။ စာကောင်းပေကောင်းရွေး ဖတ်တက် လာလိမ့်မည် အဆင့်ရှိသောစာမျိုး ကြိုက်တတ်လာလိမ့် မည်ဟု ဆိုကြသည်။
သည်လောက်မလွယ်ပါ ။ စာအုပ်စာပေကိုတန်ဖိုးထားသောစိတ် ၊စာအုပ် စာပေကြောင့် မိမိဘဝတိုးတက် စေရမည်ဟူသောရည်ရွယ်ချက်ဖြင့် စာကောင်းပေကောင်း ကိုရွေးချယ်ကာ လေးလေးစားစားဖတ်ရှုမှတ်သားမှသာ တကယ်အကျိုးရှိမည်ဟူသော အသိမျိုးခေါင်းထဲတွင် ရှိမနေပါက စာဖတ်သက်မည်မျှကြာသော်လည်းစာသမား ကောင်းဖြစ် လာမည်မဟုတ်ပါ။
တစ်ဖန် စာဖတ်ခြင်းကြောင့် မိမိဘဝအတွက် အကျိုးကျေးဇူး တစ်စုံတစ်ရာ ရရှိမည် ဟုမျှော်မှန်းကြသူ များထဲတွင်လည်း ရှေ့ပိုင်းကဆိုသကဲ့သို့ ကြီးကျယ်သော ဘယ်စာအုပ်ကြီး ကို ဖတ်ပြီးပြီဟု ပြောနိုင်ရေးဘက်သို့ လမ်းလွဲကာ စာပကာသနသမား ဖြစ်သွားကြသူတွေ အများပင်ရှိသည်။
စာပကာသနသမားများမှာ စာအုပ်ကောင်း စာအုပ်သန့်များကိုကားရွေးချယ်ပါ၏ သို့သော်အလျှင်အမြန် ပြီးအောင် ရှပ်ဖတ် ကျော်ဖတ်ကြ လင်းတမျို မျိုချသည်ဖြစ်ရာ အစာမကြေရောဂါစွဲကပ်ကာ နောင်တွင် စာမြင် လျှင်ကြောင်သလို မုန်းသလိုဖြစ်လာပြီး ဟန်ဆောင်ပန်ဆောင်ပင် မဖတ်ရဲဖြစ်သွားတတ်သည်။
ထို့ကြောင့် စာဖတ်သူတစ်ယောက်အနေနှင့် စာအတွက်မိမိအချိန်ကုန်လူပန်း ခံသလောက် စာမှ မိမိအတွက် ထိုက်တန်သောအကျိုးကျေးဇူး ရရှိလိုသည်ဆိုလျှင် -
စာဖတ်ရာတွင်ရိုးသားမှုရှိရန်လိုသည်။
စာကိုလေးစားယုံကြည်ရန်လိုသည်။
စာထဲက ရတနာကို အလွယ်တကူလက်ဖြန့်ယူ၍ မရ ၊ကိုယ်တိုင်တူးဆွယူ ငင်မှရ မည်ဟူ၍လည်းသဘော ပေါက်ထားရန်လိုအပ်သည်။
စာကိုအရေအတွက်အမြောက်အများ ဖတ်ရှုနေစရာမလို ၊ ဖတ်သမျှစာ၏ အနှစ် သာရကို မိမိဦးနှောက်ထဲ အသွေးအသားထဲ စိမ့်ဝင်အောင်စုပ်ယူသိမ်းဆည်း နိုင်ရန်လိုသည်။
သည့်အတွက် ဘယ်လိုလုပ်မည်နည်း ။
စာအုပ်ထဲမှအနှစ်သာရတွေစုပ်ယူလိုပါက စာ(၁၅)မိနစ် စာဖတ်ပြီးတိုင်း(၄၅) မိနစ် စာမျှပြန်လည်စဉ်းစား သုံးသပ်မှုပြုပါ။ဟူ၍ ‘ ရစ်ချတ်လဂယ်လီယင်း’ အမည်ရှိ အင်္ဂလိပ်   စာပညာရှင်ကြီးတစ်ဦးကအကြံပြုခဲ့သည်။
စာကိုစေ့စပ်သေချာစွာဖတ်ပါ။ စာရေးသူ၏ အဓိက ဆိုလိုရင်းအချက်များ ကို  ဖေါ်ထုတ်စီစစ်ပါ။ ထို့နောက် ယင်းတို့ကို အပြန်ပြန်အလှန်လှန်သုံးသပ် ဆင်ခြင်ကာ မသင့်သည်တို့ကို ပယ်၍ ကျိုးကြောင်းသင့်မြတ်သည် မှန်ကန် သည်ဟု ယူဆသည့် အချက်အလက်များကိုလက်ခံမှတ်သားပါဟူသောသဘောဖြစ်သည်။
‘ ဂျွန်လော့ခ်’ အမည်ရှိ ပညာရှိကြီးကလည်း-
စာဖတ်ခြင်းက ကျွန်နုပ်တို့အား အသိပညာအချက်အလက်များ ခင်းကျင်း ပြသရုံသာပြသသည်။ စဉ်းစား ဆင်ခြင်ခြင်းကသာ ယင်းအသိပညာ အချက်အလက်များကို မိမိတို့၏ ကိုယ်ပိုင်ပစ္စည်းဖြစ်လာစေသည်  ဟုဆိုခဲ့ သည်။
ထို့ကြောင့် စာဖတ်ပါ စဉ်းစားဆင်ခြင်ပါ ပြီးလျှင်မှတ်သားသင့်သည်ကိုမှတ်သားပါ။

သည်လို စာဖတ်သူမျိုးသည် အသိပညာကြွယ်ဝလာလိမ့်မည် ၊ စာကြောင့် သူ့ဘဝ ဖွံ့ဖြိုး တိုးတက်လာလိမ့် မည် ။သူစာဖတ်ခြင်းသည် သူဘဝကို သူပြုစု ပျိုးထောင်နေခြင်းဖြစ် သည်။ မိမိဘာသာမိမိသင်ရိုးညွှန်းတမ်းများချ ကာပညာဆည်းပူးလေ့လာနေသည့် သဘော   ဖြစ်သည်။
စာကိုနှစ်ရှည်လများ စနစ်တကျဖတ်ရှုလာသူသည် တက္ကသိုလ်ကောလိပ်မှာကဲ့သို့ ဘွဲ့လက်မှတ် တစ်စုံ တစ်ရာ မရရှိသော်လည်း တက္ကသိုလ် ကောလိပ် မှဘွဲ့ရရှိလာ သူ ထက် မကအသိဥာဏ် အမြှော်အမြင် နှင့်ဗဟုစုတ တွေကြွယ်ဝလာကာ လူ့လောကဘဝနယ်ပယ်စုံ တွင်ဦးဆောင်လှုပ်ရှားနိုင်သူ တစ်ဦးဖြစ်လာလိမ့်မည်။
“ အေဗရာဟမ် လင်ကွန်း” ကိုကြည့်ပါ။
လူပျိုပေါက်အရွယ် တွင် စာစသင်ခဲ့ရသည့် လင်ကွန်း သည်စာစတတ်ကစ ကာလ စာကိုအငမ်းမရဖတ် ချင်သောကာလက ရွေးချယ်စရာစာအုပ်များများမရခဲ့၊သူနေထိုင်ရာ
 ကျေးလက်တောရွာတွင် တွေ့ရှိရသမျှ စာအုပ်များကိုသာညက်ညက်ကြေအောင် ဝါးစားခဲ့ရသည်။
သို့သော်ကံအားလျှော်စွာ သူတွေ့ရှိခဲ့ရသည့်စာအုပ်များသည် စာကောင်းပေကောင်းဖြစ်ခဲ့သည် ။အရေအ တွက်မများလှသည့် စာအုပ်ကောင်းများကို မိမိအသွေးအသားထဲတွင်မပြတ်စီးဆင်းနေအောင်စုပ်ယူသိမ်းဆည်း ခွင့်ရရှိခဲ့သည့် လင်ကွန်းသည် စာအုပ်များက ပေးသည့်အသိအမြင်များ ထိုအသိအမြင်များ ကိုဖော် ကျူးသည့်ပြီပြင် ပြောင်မြောက်သောဝေါဟာရစကားလုံးများ ၊ ယင်းစကား ယင်းအမြင်များ က တိုက်တွန်း လာသည့် လုပ်ရပ်များ အားဖြင့် သူ့ဘဝစတင်ရာ ကျေးလက်တောရွာ နှင့် တောမြို့ တောနယ်တစ်ခွင်တွင် ဦးဆောင်နိုင်သူတစ်ဦးဖြစ်လာခဲ့ သည်။
ထို့နောက်ထိုအခြေခံမှစတင်ကာ သူ့နိုင်ငံတွင်သာမက ကမ္ဘာ တလွှားတွင်ပါ ထင်ရှားသူ လေးစားခံရသူ တစ်ဦးဖြစ်အောင် ဆက်လက်တက်လှမ်းနိုင်ခဲ့သည်။ လင်ကွန်းသည်ကွယ်လွန်သည်အထိစာကိုလေးလေးစားစား ဖတ်ရှုသူတစ်ဦးဖြစ် သည်။စာ ကပေးသော အသိအမြင်များကိုလက်တွေ့ဘဝ ပြဿနာများဖြေရှင်းရာတွင်အသုံးပြု သည်။
သူသည်တစ်သက်လုံးပေါင်းမှ ကျောင်း(၁၂)လသာနေခဲ့ရသူဖြစ်သော်လည်း ဥပဒေ ပညာနှင့် အထွေထွ စာပေဘဟုသုတဘက်တွင် တက္ကသိုလ်မှ ပါရဂူ ဘွဲ့ရပုဂ္ဂုလ်များကို ယှဉ်နိုင်သည်အထိမိမိကိုယ်ကို ကိုယ်တိုင်ရှာ ပညာဖြင့် မြှင့်တင်ခဲ့သူဖြစ်သည်။
စာကိုစီစစ်ဝေဖန်သောစိတ်ဖြင့်ဖတ်သင့်ကြောင်း စာဖတ်ရုံဖြင့် မပြီးဖတ်ပြီးသည့်စာကို စဉ်းစားသုံးသပ် စီစစ်ခံယူတတ်မှသာ စာမှအကျိုးကျေးဇူး များခံစားရမည်ဖြစ်ကြောင်း ဆိုခဲ့သည်။
နောက်ထက်တစ်ခုကျန်သေးသည် မည်သည့်စာအုပ်ကိုဖတ်မည်နည်းဟူသောအချက်-
မိမိအားအကျိုးပြုမည့် စာကောင်းပေကောင်းကို ရွေးချယ်ဖတ်ရှုလိုသူများအတွက် အထောက်အကူပြု မည့်လမ်းညွှန်ချက်တစ်ချို့ရှိသည်။ တရားသေမှတ်ထားရန်ကားမဟုတ်။စဉ်းစားဝေဖန် အသုံးပြုရန်ဖြစ်သည်။
အီမာဆင်  ဆိုသော ပုဂ္ဂိုလ်ကြီးက စာဖတ်သမားများ သတိပြုရန်အချက်သုံးချက်ကိုပြောကြားခဲ့သည်။
(၁) သက်တမ်း(၁)နှစ်မပြည့်သေးသည့်စာအုပ်ကိုမဖတ်နှင့်။
စာနယ်ဇင်းကိုမဆိုလိုပါ ။ပေါ်ပင်စာအုပ်မျိုး ၊ရေရှည်တည်တံ့ရန်မသေချာသော စာအုပ်မျိုး (သို့)တကယ် တန်ဖိုးရှိမှာမသေချာသောစာအုပ်မျိုး ကိုမဖတ်နှင့်ဟုဆိုခြင်းဖြစ် သည်။
(၂) မထင်ရှားမကြော်ကြားသောစာအုပ်မျိုးမဖတ်ပါနှင့်။
စာအုပ်တစ်အုပ်သည်တကယ်ကောင်းရိုး တန်ဖိုးရှိရိုး မှန်လျှင်ထင်ရှားရမည်။ကျော်ကြားရမည်။မထင်ရှား ဘဲကောင်းသော စာအုပ်များရှိချင်ရှိနေနိုင်ပါသည်။သို့သော်မသေချာ ထို့ကြောင့် ကောင်းကြောင်းသေ ချာသော စာအုပ်များကိုသာ ဖတ်ကြ ၊ ၄င်း တို့ကြီးရွေးဖတ်လျှင်ပင် တစ်သက်လုံးဖတ်၍ မကုန်နိုင် ဟူသောသဘောဖြင့်ပြော ခြင်းဖြစ်သည်။
(၃) မကြိုက်သောစာအုပ်ကိုမဖတ်ပါနှင့် ။
ကိုယ့်အသိဥာဏ်နှင့် မမှီသေး၍ဖြစ်စေ ၊ကိုယ်ကျွမ်းဝင်ရာနယ်ပါယ်နှင့် ဝေလံ၍ဖြစ်စေ ၊မိမိဖတ်ကြည့် သည့်အခါ စိတ်မဝင်စားနိုင် နားမလည်နိုင် အရသာမတွေ့နိုင်ဖြစ်နေသည့် စာအုပ်မျိုးကို နာမည်ဘယ်လောက် ကြီးနေသည်ဆိုစေ ဘယ်ဆရာကြီးတွေဘယ်လောက် တန်ဖိုးထားသည်ဟု ပြောကြသည်ဖြစ်စေ ဒုက္ခခံ၍ မဖတ် နှင့် စာမုန်းသွားလိမ့်မည်။
စာအုပ်ကောင်းများစွာထဲမှ လက်ရှိ မိမိအသိပညာအဆင့်အတန်း  လက်ရှိမိမိ စိတ်ဝင်စားမှုနယ်ပယ် တို့နှင့်အံဝင်ခွင်ကျဖြစ်သော စာအုပ်မျိုးကိုသာဖတ်ဟု ဆိုလိုခြင်းဖြစ်သည်။
စာအုပ်ဖတ်ခြင်းနှင့်ပတ်သက်၍ အများကိုးကားလေ့ရှိသည့်  ဖရန့်စစ်ဘေကွန် ၏ အဆိုအမိန့်တစ်ခု ကိုလည်းတင်ပြလိုသည်။
အချို့စာအုပ်များသည် မြည်းစမ်းရန်၊ အချို့ မျိုချရန်၊ အချို့ကားညက်ညက်ကြေအောင်ဝါးကာအစာချေ ရန်ဖြစ်သည် ဟုဆိုသည်။
အဓိပ္ပါယ်ကား အချို့စာအုပ်များသည် တစ်စိတ်တစ်ဒေသမျှဖတ်ရှုကြည့်ရန်၊ အချို့ ကားဖတ်တော့ဖတ်မည်သိပ်အလေးအနက်မဟုတ် သာမန်မျှဖတ်ရန် ၊အချို့ ကား မကယ်အပြည့်အဝ အလေးအနက်ဖတ်ရှုရန်ဟူ ၍ဖြစ်ကြောင်း၎င်းကပင်ရှင်းလင်းဖွင့်ဆိုခဲ့ သည်။
ဘေကွန်  ဆိုခဲ့သည့်စကားသည် စိတ်ဝင်စားစရာကောင်းပါ၏ သို့သော်တကယ်လက်တွေ့ ကျင့်သုံး  မည်ဆိုသောအခါ မပြည့်စုံသေးသလိုဖြစ်နေသည်။
ဘယ်စာအုပ်ကိုမြည်းစမ်းရမည်နည်း ဘယ်စာအုပ် မျိုချ ကာဘယ်စာအုပ် ကိုညက်ညက်ဝါးစားရမည် နည်းပြဿနာတစ်ပိုင်းတစ်စကျန်နေသေးသည်။
သို့သော်စာသမားကြီးများအကြောင်းစဉ်းစားသောအခါတွင် အဖြေကိုတွေ့ရသည်။
ဥပမာ - လင်ကွန်း ၊ဂန္ဓီ ၊ဗိုလ်ချုပ်အောင်ဆန်း
စသည့်အောင်မြင်ကျော်ကြားခဲ့သော စာသမားကြီးများ ။
သူတို့သည် စာထဲက အသိပညာဗဟုသုတကို လက်တွေ့ဘဝတွင်အထိရောက်        ဆုံး  အသုံးချကြသည့် စာသမားကြီးများဖြစ်ကြသည်။
သူတို့သည်စာကိုအပျော်ဖတ်သူများမဟုတ်ကြ ။သူတို့သည် သူတို့ရွေချယ်ချမှတ်ထားသည့် သူတို့ဘဝ များ အပြောင်မြောက်ဆုံးတည်ဆောက်နိုင်ရန်အတွက် စာအုပ်စာပေကိုအသုံးပြုသွားကြသော သူများဖြစ်သည်။
ထို့ကြောင့် စာပေ ဖြင့် မိမိဘဝအောင်မြင်မှု ရယူလိုလျှင်  ရှေးဦးစွာ မိမိသည် အဘယ်သို့သောနယ်ပယ် တွင်ကျင်လည်လှုပ်ရှားမည် ပေါက်မြောက်အောင်မြင်အောင် ကြိုးပန်းမည်ဟူ၍  ဦးတည်ရည်မှန်းထားပါသလဲ။
စဉ်းစားပါ။ ပြီးလျှင် ဖတ်စရာစာအုပ်ရွေးချယ်သည့် အခါတွင် ယင်းဦးတည်ရည်မှန်းချက်နှင့် ဆက်စပ် ပတ်သက်သယောင်ထင်ရသော စာအုပ်များကို တကယ်ဆက်စပ် မဆက်စပ်သေချာအောင်မြည်းစမ်းကြည့်ပါ။
အတန်အသင့်ပတ်သက်သည့် စာအုပ်မျိုးဖြစ်လျှင် ခပ်သုတ်သုတ်မျိုချသောနည်းမျိုးနှင့် ဖတ်ရှုပါ ။ မိမိ နှင့် လုံးဝ ပတ်သက်သောစာအုပ်မျိုးဖြစ်လျှင် ညက်ညက်ကြေအောင် ဝါး ၊အသွေးအသားထဲ စုပ်ယူဟူသောနည်းမျိုး ဖြင့်ဖတ်ရှုပါဟုအကြံပြုတင်ပြလိုက်ပါသည်။


(ဆရာဖေမြင့် ၏ ဦးနှောက်တွင်ရင်းနှီးမြုပ်နှံပါ စာအုပ်မှ ပြန်လည်ကူးယူဖေါ်ပြခြင်း ဖြစ်ပါသည်)

No comments: